ဘယ်သူတွေက အားပေးမယ်ဆိုတာ လမ်းဘေးအသုပ်စုံသည်တောင်သိပါတယ်

ပုဏ္ဏားတိုင်

မြန်မာ အဘိဓာန်မှာ “ပုဏ္ဏားတိုင်” ကို အားကိုး တိုင်တည်ရာ ပုဂ္ဂိုလ် လို့အနက်ဖွင့်ထားတယ်။
မနေ့က ရိုးရင်း တစ်ယောက်နဲ့တွေ့တော့ ကျွန်တော်ရေးနေတဲ့ စာတွေအကြောင်းပြောရင်း နဲ့ “ ဒါဆို ငါ တို့က ဘယ်သူ့ကို ပြောရမှာလဲ၊ တိုင်ရမှာလဲ” ဆိုတဲ့မေးခွန်းမေးတယ်။

သူမေးတဲ့မေးခွန်းမျိုးကို ကျွန်တော့်စာတွေအောက်မှာ မှတ်ချက် လာရေးတာလည်း ရှိပါတယ်။ ဒါ့ကြောင့် ရိုးရင်းကြီးမေးခွန်းကို ပြန်မဖြေတော့ဘူး။ “ ခင်ဗျားလိုမေးတဲ့သူတွေ များတယ်ဗျ၊ စာတစ်ပုဒ်ပဲ ရေးတော့မယ်။ စောင့်ဖတ်ပေါ့” လို့ ပြောခဲ့တယ်။

သူတို့မေးတဲ့ မေးခွန်းရဲ့ ရဲ့ အနှစ်ချုပ်ကတော့ “ပါတီစုံစနစ်မှာ တစ်ပါတီတည်းက အများစု အနိုင်ရထားပြီး ကျန်တဲ့ပါတီတွေကို အလေးမ

ထားရင်၊ နိုင်ငံအကျိုးစီးပွားကို ထိခိုက်စေမယ့် လုပ်ရပ်တွေ ဆောင် ရွက်နေရင်၊ တရားရုံးတွေကိုလည်း အားကိုး လို့မရရင်၊ ဘယ်သူ့ကို တိုင်

ရမှာလဲ ၊ ဒိုင်လူကြီးလုပ် ထိန်းသိမ်းနိုင်မယ့် အဖွဲ့အစည်းရှိဖို့မလို ဘူးလား” ဆိုတဲ့ အချက်ဖြစ်ပါတယ်။

ဒီလို မေးခွန်းမျိုးကို သာမန် ဖေ့စ်ဘွတ်သုံးစွဲသူတွေမေးတာက ပြဿနာမဟုတ်ပေမယ့် နိုင်ငံရေး ဆိုင်ရာ အဖွဲ့ အစည်း တွေမှာ အတိုင်းအတာတစ်ခုအထိ ပါဝင်ပတ်သက်နေတဲ့သူတွေ၊ ဒီမိုကရေစီ ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးတတ်သူတွေ ကပါ မှတ်ချက်လာရေးနေတာ အတော်အံ့သြဖို့ ကောင်းတယ်။

ဒီမိုကရေစီစနစ်မှာ ပြည်သူက အာဏာပိုင်ပဲ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄ မှာ “ နိုင်ငံ တော်၏ အချုပ်အခြာအာဏာသည်

နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော် တဝန်းလုံး၌ တည်သည်။” လို့ ပြဋ္ဌာန်းထားတာဟာ ဒီသဘောတရားကို ဖော်ပြထားတာပဲ ဖြစ်

ပါတယ်။

ဒီမိုကရေစီစနစ်မှာ ပြည်သူက သူပိုင်တဲ့ အာဏာကို ရွေးကောက်ပွဲများကတဆင့် နိုင်ငံရေး ပါတီတွေကို လွှဲအပ် တာဝန်ပေးတယ်။ အစိုးရရဲ့

တာဝန်နဲ့ နိုင်ငံသားတွေရဲ့တာဝန်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ အတိအကျ သတ်မှတ်ထားတယ်။ပြည်သူက အုပ်ချုပ်ရေး၊ ဥပဒေပြုရေး

တာဝန်မကျေတဲ့ နိုင်ငံရေးပါတီကို ရွေးကောက်ပွဲကတဆင့် ဖယ်ရှားတယ်။

ဒါ့ကြောင့် အာဏာရပါတီရဲ့ မူဝါဒတွေ၊ လုပ်ဆောင်ချက်တွေဟာ နိုင်ငံနဲ့ နိုင်ငံသားတွေ အတွက် အကျိုးမရှိဘူး၊ မှားနေတယ်ဆိုရင် အတိုက်အခံပါတီ ဒါမှမဟုတ် လွှတ်တော်ထဲက အနည်းစုပါတီ တွေက ပြည်သူကိုပဲတိုင်တည်ရမှာပဲ။ ပြည်သူက ပုဏ္ဏားတိုင်ပဲ။ ပြည် သူ သိအောင် လွှတ်တော် ထဲမှာပြော၊ မီဒီယာမှာပြော၊ လူထုဆွေးနွေးပွဲမှာပြော၊ ဥပဒေနဲ့ အညီ ငြိမ်း ချမ်းစွာ ဆန္ဒထုတ်ဖော် ပြသပြီးပြော၊ ပြည်သူသိအောင်ပြောနိုင်တဲ့ နည်းလမ်းအများကြီးရှိတယ်။

အဲဒီလို ပြောလို့ လူထုက နားလည်သဘောပေါက်လာပြီဆိုရင် ရွေးကောက်ပွဲမှာ အာဏာရ ပါတီအစား ကိုယ့်ပါတီကို မဲပေးဖို့တောင်းဆို ဒါမှမဟုတ် အစိုးရရဲ့ မူဝါဒ တွေ အပြောင်းအလဲ ဖြစ်အောင် ဥပဒေဘောင်ထဲကနေ လူထုလှုပ်ရှားမှုနဲ့ ဖိအားပေးပေါ့။ အဲဒီအချိန်ကျရင် ပြည်သူ က ဒိုင်လူကြီးအဖြစ် ဆုံးဖြတ်လိမ့်မယ်။ ဒီ သဘောတရားကို နားလည်ရင် ဘယ်သူ့ကို တိုင်ရ မှာလဲ၊ ကြားဝင်ထိန်းသိမ်းပေးမယ့် အဖွဲ့ အစည်း မလိုဘူးလားလို့ မေးစရာအကြောင်းမရှိဘူး။

ဒါပေမယ့် ပြည်သူကို တိုင်တည်တဲ့အခါ ကိုယ့်စကားကို ပြည်သူလူထု အလေးထား စဉ်းစားသုံးသပ်စေချင်တယ်ဆိုရင် ပြည်သူလူထုက ကိုယ့်ပါတီ၊ ကိုယ့်ခေါင်းဆောင်တွေကို ယုံကြည်မှုရှိဖို့တော့ လိုတယ်။ အဲဒီလို ယုံကြည်မှုရအောင် ကြိုးစားစည်းရုံး၊ ကိုယ့်ဘက်က ပြင်ဆင်သင့်တာကို ပြင်ဆင်တာ မျိုး မလုပ်ဘဲ ငါတို့ ပြောတာလက်မခံဘူး၊ ငါတို့မူဝါဒက ကောင်းတယ်၊ ပြည်သူလူထု နိုင်ငံရေးရေချိန်က နိမ့်နေတယ်ဆိုတဲ့ စကားတွေ နဲ့ လူထုကို အထင်သေးရင်၊ စော်ကားရင်တော့ လူထု နဲ့ ပိုပြီးဝေးသွားမှာပဲ။

နောက်အရေးကြီးတဲ့အချက်က ဒီမိုကရေစီစနစ်မှာ အတိုက်အခံပါတီ အဖြစ်နေရတယ်ဆိုတာ ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူး။ ထင်ရှားတဲ့

သာဓကတွေပြရရင် အမေရိကန်နိုင်ငံမှာ ရီပတ် ဘလီကင်ပါတီဟာ ၁၉ ၃၃ ကနေ ၁၉ ၅၃ ခုနှစ် အထိ နှစ်နှစ်ဆယ်လောက် အိမ်ဖြူတော် နဲ့ဝေးနေခဲ့ရဖူးတယ်။ ဗြိတိန်နိုင်ငံမှာ ကွန်ဆာဗေးတစ်ပါတီဟာ ၁၉ ၉ ၇ ခုနှစ် ကနေ ၂၀၁၀ ပြည့်နှစ်အထိ အတိုက်အခံပါတီအနေနဲ့ နေရပြီးမှ ၂၀၁၀ ကနေ အခုအချိန်ထိ အာဏာရ ပါတီ ပြန်ဖြစ်လာတယ်။ လေဘာပါတီကတော့ ၂၀၁၀ ကနေ အခုထိ အတိုက်အခံပါတီအဖြစ် ရပ်တည် နေတယ်။

အိန္ဒိယနိုင်ငံမှာ ကွန်ဂရက်ပါတီဆိုရင် လွတ်လပ်ရေးရတဲ့ ၁၉ ၄၇ ခုနှစ်ကနေ ၁၉ ၇၇ ခုနှစ် အထိ အာဏာရပါတီအဖြစ် နေခဲ့ပြီး ၁၉ ၇၇ ကနေ ၂၀၁၄ ခုနှစ် ကြားမှာ အတိုက်အခံဖြစ်လိုက်၊ အာဏာ ရပါတီဖြစ်လိုက်နေခဲ့ရတယ်။ ၂၀၁၄ ခုနှစ်ကစပြီး အခုချိန်ထိ အတိုက်အခံပါတီအဖြစ်ရှိနေဆဲပဲ။

တစ်ချို့နိုင်ငံတွေမှာတော့ အတိုက်အခံနိုင်ငံရေးပါတီဟာ ရွေးကောက်ပွဲမှာ အများစု နိုင် ဖို့ မဖြစ် နိုင်သလောက်ပဲ။ ဒါပေမယ့် စိတ်မပျက်ဘူး။ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပကနေပြီး အစိုးရ မူဝါဒ မှန်နေရင် ပူးပေါင်းဆောင်ရွက်တဲ့၊ လိုအပ်ချက်တွေရှိရင် ထောက်ပြတဲ့၊ ကွဲပြား ခြားနားတဲ့ အသံတွေ ကို အစိုးရရော၊ လူထုပါ ကြားအောင် ဆောင်ရွက်တဲ့ “တာဝန်သိသော အတိုက်အခံ ပါတီ” အဖြစ် ရပ်တည်နေရတာလဲရှိတယ်။ အနီးဆုံး ဥပမာပေးရရင် စင်္ကာပူနိုင်ငံက “အလုပ်သမားပါတီ” ပေါ့။

ဒ့ါကြောင့် အတိုက်အခံပါတီဖြစ်နေတာက ရှက်စရာ မဟုတ်ဘူး။ အတိုက်အခံပါတီ ဘဝမှာ လည်းမနေချင်၊ လူထုလက်ခံအောင် စည်းရုံးရေးလည်း မဆင်းချင် ပဲ ဖြတ်လမ်းနည်းနဲ့ အာဏာရ ပါတီဖြစ်ဖို့ ကြိုးစားတာကသာ ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။

ပြန်ချုပ်လိုက်ရင်တော့ ပါတီစုံဒီမိုကရေစီစနစ်မှာ ပြည်သူ လူထု ယုံကြည်အောင် လုပ်၊ အာဏာရပါတီမကောင်းရင် ပုဏ္ဏားတိုင် ဖြစ်တဲ့ ပြည်သူလူထုကို ပဲ တိုင်၊ ဒိုင်လူကြီးဖြစ်တဲ့ ပြည်သူ လူထုအဆုံးအဖြတ်ကိုခံယူ၊ ဒါပါပဲ။

အမှန်ကတော့ အသိခေါက်ခက်အဝင်နက်နေလို့ သာ ရေးနေရတာပါလေ။ ကိုယ့်လက်ရာ ကောင်းမှ၊ ကိုယ့်ကို ယုံကြည်မှ ဝယ်ယူအားပေးသူများမယ်ဆိုတဲ့ သဘောတရားကို လမ်းဘေး အသုပ်စုံသည်တောင်သိပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*