PDF ရဲဘော်တစ်ယောက် အမေများနေ့အတွက် ရေးပေးထားတဲ့စာ

ဒီနေ့သွားခဲ့တဲ့ မြောက်ပိုင်းအထူးလေ့ကျင့်ရေးစခန်းတစ်ခုရဲ့ အမေများနေ့အထိမ်းအမှတ် ဆုတောင်းအစည်းအဝေးမှာ PDF ရဲဘော်တစ်ဦးဖတ်ခဲ့တဲ့ စာတစ်စောင်ကို ဝေမျှလိုက်ပါတယ်။
—————————
“မေမေ့ထံသို့ပေးစာ”

သို့/ မေမေ
သတိရခြင်းများစွာဖြင့် စာရေးလိုက်ပါတယ်။ အိမ်နဲ့အဝေးမှာ ရောက်နေတဲ့ကျနော် ဒီစာကို ဘယ်သူနဲ့ လူကြုံပါးရမှန်းမသိပါဘူး။ ဒီမင်ရည်တွေ အငွေ့ပျံပြီး ‘မေမေ’ ရှိရာ ရပ်ဝန်းမှာ မိုးစက်တွေအဖြစ် ရွာသွန်းလိုက်ရင်လည်း ကောင်းမယ်။ မေမေသိလား “မိခင်မှန်လျှင် သွေးသားရင်းချာ နှပ်စီးကြောင်းအပါ၊ မစင်၊ ဆီးလည်း ရွံရိုးထုံးစံမရှိ” တဲ့။ ဒါ လူမသိသူမသိ မေမေ့သား ကဗျာရေးသူရဲ့ ခပ်ညံ့ညံ့ လေးလုံးစပ် သံပေါက် ကဗျာလေးတစ်ပုဒ်ပေါ့ မေမေ။

လွမ်းတယ်မေမေ… ကျွန်တော် အိမ်မက်ဆိုးတွေမက်လို့ လန့်နိုးတဲ့အခါတိုင်း ချွေးစီးတွေ သုတ်သုတ်ပေးတတ်တဲ့ မေမေ့ရဲ့ အကြောစိမ်းစိမ်း လက်ကလေးတွေကိုလေ။ ကျွန်တော် သွားမပေါက်သေးတဲ့အရွယ်က မေမေကထမင်းကိုဝါး သားပါးစပ်ထဲခွံ့ကျွေးခဲ့တာတွေကို နှလုံးသားမှာ ကဗ္မည်းထိုးထားပြီးသားပါ မေမေ။

ပရဆေးခင်းထဲချော့သိပ်၊ ကျောလိမ့်အောင် အလုပ်လုပ်ခဲ့တဲ့ ငါ့အမေ၊ သားချော့တေး မဆိုတတ်တဲ့ ငါ့အမေ။ မေမေရေ… မဒီ၊ သမ္ဘူ၊ အမရာ၊ ယသော် မိန်းမမြတ်လေးမျိုးတဲ့။ ၂၁ ရာစု စစ်တမ်းမှာတော့ မေမေ့ကိုလည်းထည့်ရမယ်။

ကျေးဇူးပါမေမေ။ ကျွန်တော့ကို “လက်အုပ်ချီသင့်သူရှေ့ လက်အုပ်ချီပြီး၊ လက်ခလယ်ထောင်ပြသင့်သူရှေ့ လက်ခလယ်ထောင်ပြတတ်သူ” တစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့လို့ ကျေးဇူးပါမေမေ။

မေမေမှတ်မိလား၊ အဲ့နေ့တွေကလေ မေမေ့လည်တိုင်မှာ ဆွဲကြိုးပျောက်သွားတဲ့ အဲ့ဒီနေ့တွေက ကျွန်တော်ကျောင်းလခသွင်းတဲ့နေ့လေ။ “သားကြီးတော့အား၊ သမီးကြီးတော့ ထီး” တဲ့။ ကျွန်တော်ကျားတစ်ကောင်ဖြစ်ခဲ့တဲ့ နေ့ရက်တွေအတွက် ခွင့်လွတ်ပါမေမေ။

ငယ်ငယ်ကလမင်းကြီးကိုကြည့်တော့ အဖိုးအိုနဲ့ ယုန်တစ်ကောင်ကို တွေ့ခဲ့ရတယ်။ ခုနေလမင်းကြီးကိုကြည့်မိရင်များ မေမေ့မျက်နှာကို ပြေးပြေးမြင်မိတော့တာပါပဲ။ ကျွန်တော်အရွယ်ရောက်ပြီ။ ဒါပေမယ့် လွမ်းတတ်နေတုန်း။ ငိုတတ်နေတုန်း။ “ရယ်နေတာတွေဟာ၊ ငိုနေတာတွေကို ဖွက်ထားဖို့” ဆိုတဲ့ နစ်ရှေးရဲ့စကားကို လက်ကိုင်စွဲလို့ မေမေ့သားဘဝကို ကြံ့ကြံ့ခံဖြတ်သန်းနေပါတယ်။

အဲ့ဒီတောင်တန်းတွေရဲ့အလွန်မှာ ကျွန်တော် ဘေးမသီရန်မခ ရှိနေပါတယ်။ ညညဆို ကြယ်တွေနဲ့ စစ်တုရင်ကစားဖြစ်တယ် မေမေ။ သူတို့မှာ မြင်းလည်းခွါနာ၊ ရဲတိုက်လည်းပြို၊ ဘုရင်မငိုလို့ ဓူဝံကြယ်တောင်မှ သားကိုရှုံးသွားသေးတယ်။

စိတ်မပူပါနဲ့မေမေ…၊ သုဝဏ္ဏသာမ ရွှေအိုးထမ်းပြီး ပြန်လာခဲ့ပါမယ်။ ကျွန်တော်ပြန်လာတဲ့အခါ လမ်းကို ထမ်းခဲ့ပါမယ်။ ရှင်ယောဟန် ‘ပက်မုကျွန်း’ ကိုရောက်တော့ ဗျာဒိတ်ကျမ်းကို ရေးခဲ့တယ်။ ကျွန်တော် —— ရောက်တော့ “မေမေ့ထံသို့ပေးစာ” တစ်စောင် ရေးလိုက်ပါတယ်။

ကမ္ဘာပေါ်ရှိ အမေများအားလုံး ချမ်းမြေ့ပါစေ။

မေမေ့ကိုချစ်တဲ့ သားလတ်
ကီးကီး (ခေတ္တ မနောမြေ)

Be the first to comment

Leave a Reply

Your email address will not be published.


*