ဆိုင်ကယ် Accident ဖြစ်တဲ့ လူနာကို နေပြည်တော်ကုတင် (၁၀၀၀) ဆံ့ဆေးရုံကြီးကို ပို့လိုက်မိတဲ့အခါ. . .

ကျွန်မ၏အစ်မဖြစ်သူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန/သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန E-Government ဌာနမှ အငယ်တန်းအင်ဂျင်နီယာ(၂) မမျိုးသန္တာနွယ် {B-Tech, B.E, M.E(EC)} သည် (၂၈.၆.၂၀၂၂ အင်္ဂါနေ့)တွင် ဆိုင်ကယ် Accident ဖြင့် နေပြည်တော်ကုတင် (၁၀၀၀) ဆံ့ဆေးရုံ၌ ဆေးကုသမှုခံယူစဉ်အတွင်း

ဦးခေါင်းထိထား၍သတိမလည်သောလူနာကို ၄င်းဆေးရုံရှိ ဦးနှောက်နှင့်အာရုံကြောတာဝန်ကျဆရာဝန်များက ဓာတ်မှန်တစ်ကြိမ်သာရိုက်ပြီး “ဘာမှမဖြစ်ဘူး သတိလည်လာလိမ့်မယ်” ဟုဆိုကာ အရေးပေါ်ခန်းတွင်တစ်နာရီပြည့်အောင်မျှမထားဘဲ ရိုးရိုးခန်းသို့ပြောင်းရွေ့ခိုင်းခဲ့ပါသည်။ ထို့နောက် ဦးခေါင်းထိဒဏ်ရာနှင့် အခြားဒဏ်ရာများအားလည်းဆေးလာလိမ်းပေးခြင်းမရှိခဲ့ပါ။

ထိုနေ့၌ပင်လူနာမှာ သတိမလည်ဘဲရုန်းခြင်းကန်ခြင်းများဖြစ်လာသဖြင့်လူနာမိသားစုမှဆရာဝန်များအားသွားခေါ်ရာ “ဘာမှမဖြစ် ရုန်းနေတာကောင်းတယ်” ဟုပြောပြီးတစ်ချက်လေးတောင်လာမကြည့်ခဲ့ပါ။ နောက်တစ်နေ့ထိလူနာမှာ မရပ်မနားအပြင်းအထန် ရုန်းနေခဲ့ပါသည်။ ဆရာဝန်များမှာ roundလှည့်သောအချိန်မှသာရောက်ပြီး ကျန်အချိန်တွင်လုံးဝခေါ်မရပါ။

(၂၉.၆.၂၀၂၂) နေ့တွင် ဆရာဝန် round လှည့်ချိန်၌ မိသားစုဝင်များမှလူနာအခြေအနေအားမေးမြန်းရာ လူနာမှာ ၅၀/၅၀ သာရှိကြောင်း ၅၀ဆိုသည်မှာလည်းမသေချာကြောင်းပြောသဖြင့် လူနာမိသားစုဝင်များမှ အရေးပေါ်လူနာအဖြစ်စောင့်ကြည့်ကုသပေးရန်တောင်းဆိုခဲ့ပါသည်။ သို့သော်ဆရာဝန်များမှ “ရုန်းနေရင်ကောင်းတယ်” ဟုသာပြန်ပြောခဲ့ပြီးမသိကျေးကျွန်ပြုကာနေခဲ့ကြပါသည်။

(၃၀.၆.၂၀၂၂) နေ့မနက်အာရုံထိလူနာမှာအပြင်းအထန်ရုန်းနေရာမှငြိမ်ကျသွားပြီး အသက်ရှုခြင်းများမူမမှန်ဖြစ်လာသည့်အတွက် လူနာမိဘများမှ ဆရာဝန်များအားသွားခေါ်ရာ တာဝန်ကျဆရာဝန်နှင့် Nurse များမှ “တံခါးမခေါက်နဲ့ ဒီမှာအိပ်နေတာ လူလိုမသိကြဘူးလား” ဆိုပြီးမောက်မာရိုင်းစိုင်းစွာပြောဆိုကာ လူနာထံသို့လုံးဝရောက်မလာကြပါ။ မနက် ၅:၀၀(လူနာသေဆုံးသွားသောအချိန်) မှသာလာရောက်ကြည့်ရှုခဲ့ကြပါသည်။

ထို့နောက်”O2 74 ရှိသေးတယ် ဘာမှမဖြစ်”ဟုပြောရာ လူနာဖခင်မှငိုယိုတောင်းပန်ပြီးပြန်ကြည့်ပေးရန်ပြောသဖြင့် O2 ပြန်တိုင်းရာ လူနာမှာသေဆုံးသွားပြီး O2 တိုင်းမရတော့ပါ။ သေဆုံးပြီးသော်လည်း မည်သည်အတွက်ကြောင့်သေရခြင်းကိုလုံးဝမေးမြန်းမရခဲ့ပါ။ ဆေးမှတ်တမ်းများအားလည်းလူနာမိသားစုအားပေးမပြခဲ့ပါ။

မင်းနေပြည်တော်ရှိ ဆေးရုံကြီးအတွင်းဤသို့ယုတ်ညံ့သောကျန်းမာရေးဝန်ထမ်းများအား အပြင်းအထန်ရှုံ့ချပါသည်။ ဆရာဝန်ဆိုတိုင်းလူနာမသေအောင်လုပ်မပေးနိုင်ခြင်းကိုကောင်းစွာသဘောပေါက်ပါသည်။ သို့သော် လူနာကိုပစ်စလက်ခက်ထားပြီး ကိုယ့်တာဝန်ကိုယ်မကျေဘဲ စာနာစိတ်ခေါင်းပါးပြီး အချောင်ခိုဆရာဝန်များ Nurse များရှိနေသရွေ့ ပြည်သူများမှာနေထိုင်မကောင်းတိုင်းဆေးရုံများကိုရွံမုန်းနေရပါမည်။

ဆေးမှတ်တမ်းမပေးခြင်း သေဆုံးခြင်းအကြောင်းအရင်းအားခိုင်ခိုင်မာမာမပြောနိုင်ခြင်း မောက်မာရိုင်းစိုင်းခြင်း တာဝန်ကျချိန်လူနာကိုတစ်ချက်မှလာမကြည့်ဘဲအချောင်ခိုခြင်းများအတွက် မိသားစုဝင်များမှ ဥပဒေအရထိထိရောက်ရောက်ဆောင်ရွက်သွားပါမည်။ ပြည်သူ့တာဝန်ကိုထမ်းရွက်ပေးနေသောအနာဂတ်ကြယ်တစ်ပွင့်ဆုံးရှုံးရခြင်းမှာ မိသားစုဝင်များအတွက်သာမက နိုင်ငံတော်အတွက်ပါဆုံးရှုံးမှုကြီးမားပါသည်။ နောက်နောင်ပြည်သူ့ဆေးရုံများတွင် ဤသို့ယုတ်ညံ့သောဝန်ထမ်းများကြောင့် အသက်ဆုံးရှုံးရသူများမရှိပါစေရန် ဆုတောင်းရင်း အများပြည်သူသိရှိစေရန်ညိုးငယ်သောစိတ်ဖြင့်အသိပေးအပ်ပါသည်။

Credit.

Add a Comment

Your email address will not be published.