“ရွာကို ရဟတ်ယာဉ်နဲ့ လာပစ်ချိန်မှာ ထွက်ပြေးပေမယ့် မပြေးနိုင်တော့လို့ သေဆုံးခဲ့ရတဲ့ အသက်(၁၀၀) အရွယ် အဖွား”

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာ အသက် ( ၁၀၀ ) ရှိပြီ ဖြစ်သော အမေကြီး ဒေါ်အေးမှတ် သည် စစ်ဘေးရှောင်ရင်း သေဆုံးသွားပြီ ဖြစ်ပါသည်။

အမေကြီး ဒေါ်အေးမှတ်က ပြေးတော့ပြေးတယ်။ မြောင်းကြားတခုရောက်တော့ မပြေးနိုင်တော့ဘူး နေရစ်တော့မယ်ဆိုပြီး နေရစ်ခဲ့တာ။ အအေးပတ်တာရော၊ လူကြီးဆိုတော့ ခံနိုင်ရည်မရှိတာရော ကြောင့် ဆုံးပါးသွားတာဖြစ်မယ်။

သေသွားတာတောင်မနေ့ကမှ သိရတာ။ ရွာထဲပြန်မဝင်နိုင်သေးလို့ အလောင်းလဲမကောက်ရသေးဟု သိရပါသည်။

ဒေါ်အေးမှတ်သည် ရေမြက်ကျောင်း ဆရာတော်၏ အဖွား ( အမေကြီး ) ဖြစ်သည်ဟု သိရပါသည်။

သတင်း

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ရေမျက်ကျေးရွာကို ယမန်နေ့ ဒီဇင်ဘာ(၂၀)ရက်တွင် စစ်ကောင်စီက ရဟတ်ယာဉ် ငါးစင်းနှင့် လက်နက်ကိုင်အင်အား အများအပြား အသုံးပြု၍ စီးနင်းပစ်ခတ် သတ်ဖြတ်ခဲ့ရာ ရွာသူ၊ ရွာသား (၁၀)ဦးထက်မနည်း သေဆုံးကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ(၂၀)ရက် နေ့လည် (၁)နာရီဝန်းကျင်မှ စတင်ကာ စစ်ကောင်စီက ရဟတ်ယာဉ်များ အသုံးပြု၍ ရေမျက်ရွာအတွင်းသို့ တလစပ် ပစ်ခတ်ခဲ့ကြောင်း၊ ရဟတ်ငါးစင်းဖြင့် ခေါက်တုန့်ခေါက်ပြန် နှစ်ကြိမ် ပျံသန်း ပစ်ခတ်ခဲ့သလို ရဟတ်ယာဉ်ပေါ်ပါ စစ်ကောင်စီ လက်နက်ကိုင်များကို ရွာပတ်လည်တွင် ချထားပေးပြီးနောက် တစ်ရွာလုံးကို ပိတ်ဆို့ကာ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟူ ဒေသခံများက ပြောသည်။

ထိုသို့ စစ်ကောင်စီက လေကြောင်းရော မြေပြင်ကပါ ပိတ်ဆို့ပစ်ခတ် သတ်ဖြတ်သဖြင့် ဒေသခံ (၁၀)ဦးထက်မနည်း သေဆုံးပြီး သေဆုံးသူများတွင် အရပ်သားနှင့် ဒေသ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ပါဝင်သည်ဟု ဒေသခံများက ပြောသည်။

“၁ဝဦးလောက် သေဆုံးတယ်လို့ လတ်တလော ကြားထားတယ်။ အားလုံးက ထွက်ပြေးနေရတော့ အတိအကျတော့ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက ရဟတ်ယာဉ် ငါးစီး အပါအဝင် လက်နက်ကိုင် အင်အား အများအပြားဖြင့် ဒေသခံများကို ပစ်ခတ်သတ်ဖြတ်ခဲ့သလို ကျေးရွာအတွင်း စီးနင်းဝင်ရောက်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးသဖြင့် ရွာရှိ အိမ်ခြေထက်ဝက်ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း၊ ကျေးရွာ မီးရှို့ဖျက်ဆီးခံရချိန် စိတ်ဝေဒနာရှင်တစ်ဦးလည်း မီးထဲပါ သေဆုံးခဲ့သည်ဟု ဆိုသည်။

ယနေ့ အချိန်ထိ စစ်ကောင်စီ လက်နက်ကိုင်များ ရေမြက်ရွာ အတွင်း စီးနင်းသိမ်းပိုက်ထားဆဲ ဖြစ်ကြောင်း၊ ရေမျက်ရွာအပြင် အနီးအနားရှိ၊ ဉယျဉ်ရွာ၊ ခေါစပ်ကုန်းရွာများတွင်လည်း စကစများ နေယူထားပြီး တမတောလမ်းဘေး အင်ဒိုင်းရွာအနီး ဆန်စက်ဝန်းတွင် အထိုင်ချကာ ဒေသတွင်း ထင်တိုင်းကျဲ မွှေနှောက်သောင်းကြမ်း နေသည်ဟု ရေဦးဒေသခံများက ပြောသည်။

လက်ရှိတွင် ရေမျက်ရွာမှ ထောင်ချီသော ဒေသခံများသည် စစ်ကောင်စီ ရန်ကြောင့် ရွာတွင် မနေဝံ့ဘဲ ထွက်ပြေးနေရပြီး ရေမျက်ရွာသူရွာသားများ အတွက် အနွေးထည်၊ စောင်နှင့် အစားအသောက်များ အကူအညီ လိုအပ်နေသည်ဟု ဒေသခံများက ဆိုသည်။

ရေမျက်ရွာအတွင်း ပစ်ခတ်သတ်ဖြတ်ခဲ့မှုများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က ထုတ်ပြန်ရာတွင် အဆိုပါ ရွာအတွင်း ဒီဇင်ဘာ(၂၀)ရက် မနက်ပိုင်းက KIA အဖွဲ့၊ NLD ပါတီဝင် နှင့် PDF ခေါင်းဆောင်အချို့ ပါဝင်သည့် အင်အား (၁၀၀)ခန့်သည် အစည်းအဝေးပြုလုပ်ရန် စုဝေးနေကြောင်းကို လျှို့ဝှက် သတင်းပေးပို့သဖြင့် မွန်းလွဲ(၁)နာရီခန့်တွင် စီးနင်းဝင်ရောက်ခဲ့ရာ လေးဦးကို အသေဖမ်းမိကြောင်း၊ လက်နက်များလည်း ဖမ်းမိသည်ဟု ဆိုသည်။

သို့သော် စစ်ကောင်စီ၏ ထုတ်ပြန်ချက်သည် အလိမ်အညာ သတင်းသာဖြစ်ကြောင်း ပ.က.ဖ ရေဦးက ဆိုသည်။

“မနေ့ညပိုင်းက ရေဦးမြို့နယ် ရေမျက်ကျေးရွာကို စစ်ခွေးများ ဝင်ရောက်တိုက်ခိုက်တာနဲ့ ပါတ်သက်ပြီး မြဝတီ နှင့် MRTV တို့ရဲ့ ကြေညာချက်ထဲက လက်နက်များ ကိစ္စဟာ သူတို့ လုပ်ကြံသတင်းသာ ဖြစ်ပါတယ်။ အကျအဆုံးစာရင်းမှာလည်း ကျနော်တို့ အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်” ဟု ပ.က.ဖ ရေဦးက ယနေ့ ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ရက်ပိုင်းကလည်း မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာနှင့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ညောင်လှရွာတွင် ရဟတ်ယာဉ်များ အသုံးပြုကာ ဒေသခံများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။

ရေမျက်ရွာသို့ စကစက ရဟတ်ယာဉ်သုံးကာ ပစ်ခတ်နေစဉ်/Photo – CJ

23.12.2021 11.24 AM

Add a Comment

Your email address will not be published.