တစ်ခေတ်တစ်ခါက နိုင်ငံတစ်ဝှမ်းလုံး အားပေးကြတဲ့ ဂီတလောကမှာ လွှမ်းမိုးဖူးခဲ့သူ ကိုဗဒင်ရဲ့ ဘဝဇာတ်ကြောင်း

ငယ်စဉ်က ရန်ကင်းသားလေး ဖြစ်ခဲ့တဲ့ ”ဗဒင်” ဒီဇင်ဘာလ(၂၂) ရက်နေ့ဟာစတီရီယိုအဆိုတော် ဗဒင် ကွယ်လွန်ခဲ့တာ နှစ်(၂၀)တိတိ ပြည့်မြောက်တဲ့နေ့ပါ။ ဗဒင်ဟာ ငယ်စဉ်ကလေးဘဝကရန်ကင်းမြို့နယ်၊ (၂)ရပ်ကွက်၊တိုက်-၂၇၇၊ အခန်း-၁၂မှာ နေထိုင်ခဲ့ပြီး အ.မ.က(၁၂) ရန်ကင်းမူလတန်းကျောင်းတွင် စတုတ္ထတန်းထိပညာသင်ကြားခဲ့ပါတယ်။

ပဉ္စမတန်းရောက်မှ အဘိုးအဘွားတွေရှိရာ အင်းစိန်သို့ ပြောင်းပြီးအလယ်တန်းပညာကို အ.လ.က(၂) အင်းစိန်၊ အထက်တန်းပညာကိုအ.ထ.က(၂) အင်းစိန် တို့တွင်သင်ကြားခဲ့ပြီး ဆယ်တန်း အောင်မြင်ခဲ့ပါတယ်။

ဗဒင်တို့နေခဲ့တဲ့ ရန်ကင်းတိုက် -၂၇၇ ၊အခန်း – ၁၂ မှာ မူလပထမဆုံး နေထိုင်ခဲ့သူကတော့ မြန်မာ့လေကြောင်း (UBA)မှ လေယာဉ်မှူးကြီး ဂျင်မီသာဇံ (ခ) ဗိုလ်မှူးသာဇံ (တပ်မတော်-လေ) ဖြစ်ပါတယ်။

ဗိုလ်မှူးသာဇံဟာ ဝါရင့်အားကစားကလောင်ရှင် မောင်ရဲဝင်း (ဦးထွန်းသာ)၏ ယောက်ဖဖြစ်ပြီး ၁၉၇၀ပြည့်နှစ်တွင် ပြည်ထောင်စုရိပ်သာသို့ပြောင်းရွှေ့သွားခဲ့ပါတယ်။ လွတ်သွားတဲ့အခန်း – ၁၂ကို (UBA)မှနောက်ထပ် လေယာဉ်မှူးကြီး တစ်ဦးဖြစ်သူ အဲလ်ဘတ်ဒင် (ခ) ဗိုလ်မှူးညွှန့်ဒင် (တပ်မတော်-လေ) တို့ မိသားစုရောက်လာကြပါတယ်။

သူတို့မိသားစုတွင် ဗိုလ်မှူးညွှန့်ဒင်၊ဇနီးဒေါ်ကြူကြူ၊ သားကြီးဗဒင် (ခ) အောင်ဗဒင်၊ သားငယ်အာသာကွဲ (ခ) အောင်မြတ်ဒင်၊ ခွဲမရအောင် ရုပ်ချင်းဆင်လှတဲ့ အမွှာသမီးလေးတွေ ဖြစ်ကြသော ဝင့်ဝင့် (ခ)လှသွယ်ဝင့် နှင့်တင့်တင့် (ခ) မြနွယ်တင့်တို့အိမ်ထောင်စုဝင် (၆)ဦး ရှိပါတယ်။

၁၉၇၂ ခုနှစ်တွင် အငယ်ဆုံးသမီးလေး သဲသဲ (ခ) လှယဉ်မင်းကိုရန်ကင်းမှာ မွေးဖွားခဲ့လို့ မိသားစုဝင် (၇)ဦး ဖြစ်လာခဲ့ပါတယ်။ ဗဒင်ရဲ့ ဖခင် ဗိုလ်မှူးညွှန့်ဒင်ဟာ ၁၉၇၅ ခုနှစ် နိုဝင်ဘာလ၂၉ ရက်နေ့က FOKKA (F-27) /XYADO လေယာဉ်ဖြင့်

လေယာဉ်မှူးကြီးတာဝန် ထမ်းဆောင်နေစဉ် ကျိုင်းတုံမှ ဟဲဟိုးသို့ ပျံသန်းလာရာ ဟဲဟိုးလေဆိပ် အ​ရောက်တွင် ရှေ့ဘီး (Undercarriage) ချမရ၍ လေယာဉ်ပြေးလမ်းကြောင်း (Runway) ပေါ်သို့လေယာဉ်ဝမ်းဗိုက်နှင့် ရှပ်ပြီးထိန်းသိမ်းကာ ဆင်းသက်ခဲ့ပါတယ်။

လေယာဉ်မှူးကြီး ဗိုလ်မှူးညွှန့်ဒင်၏ ကျွမ်းကျင် သတိရှိမှုကြောင့်ခရီးသည် (၄၂)ဦးရော လေယာဉ်အဖွဲ့သားများပါ ထိခိုက်ခြင်း လုံးဝမရှိဘဲဆင်းသက်နိုင်ခဲ့ကြောင်းကို ၁၉၇၅ခုနှစ် ဒီဇင်ဘာလ ၂ရက် နေ့ထုတ်သတင်းစာတွင် သတင်းအဖြစ် ပါရှိခဲ့ပါတယ်။

ဖခင်ဖြစ်သူ၏ လေးစား ဂုဏ်ယူစရာစွမ်းဆောင်ချက်ကို သားဖြစ်သူ ဗဒင်အကြောင်း အမှတ်တရ ရေးရင်းဖော်ပြလိုက်ရပါတယ်။ အဆိုတော်ဗဒင်ဟာ ငယ်စဉ် ကလေးဘဝကို ရန်ကင်းသားလေး ပီသစွာဖြတ်သန်းခဲ့သူပါ။ ရန်ကင်းသားတို့ရဲ့ကလေးဘဝ စွန့်စားခန်းများထဲတွင်

၂တန်း၊ ၃တန်းအရွယ်၌ ဂျိုးဖြူပိုက်လုံးကြီးပေါ်တွင် အောက်သို့ပြုတ်မကျအောင် ခန္ဓာကိုယ်ကို ထိန်းပြီး အသည်းတယားယားနှင့်ပြေးလွှား ဆော့ကစားခြင်းနှင့် ၆တန်း၊ ၇တန်းအရွယ်၌ ယခုဆီဒိုးနားဟိုတယ်ရှေ့ရှိ အင်းယားကန် (ကြက်ကျွန်း)သို့ မိဘများ မသိအောင် သွားပြီး ရေခိုးကူးခြင်းတို့ ပါဝင်ပါတယ်။

ဗဒင်ဟာ သူ့ထက် ၅နှစ်ကျော် ၆နှစ်နီးပါး ကြီးတဲ့ ကျွန်တော်တို့နှင့်ပေါင်းသင်းပြီး အပီကဲနိုင်၊ ဆော့နိုင်တဲ့သူပါ။ ၁၉၇၂ ခုနှစ် သူ(၈)နှစ်အရွယ်သာ ရှိသေးတဲ့အချိန် ရန်ကင်းမှာ သူနှင့် တစ်တိုက်တည်း နေကြတဲ့ (၁၃)နှစ်အရွယ် ရှိနေကြပြီဖြစ်တဲ့

ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက်နှင့်အတူ အင်းယားကန်မှာ ရေသွား ခိုးကူးတဲ့အပြင် ငါးဖမ်းရာမှာလည်းပါဝင်ခဲ့ပါတယ်။ အဲဒါကြောင့် ဗဒင်ဟာ အကြီးတွေနှင့်အတူ အမီလိုက်နိုင်တဲ့ ခေသူမဟုတ်တဲ့ ရန်ကင်းသားလေး တစ်ယောက်လို့ ဆိုရမှာပါ။

၁၉၇၅ ခုနှစ်တွင် ဗဒင်တို့ မိသားစုအားလုံး အင်းစိန်သို့ ပြောင်းရွှေ့သွားတာကြောင့် မဆုံဖြစ်ကြ၊ မတွေ့ဖြစ်ကြတော့ပါ။ ဗဒင်ဟာ ၁၉၉၃ ခုနှစ်တွင်သူ၏ဘပထမဆုံး စီးရီးဖြစ်တဲ့ ”နေရာ” သီချင်းစီးရီးဖြင့် ဂီတသမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ပြီး ရောင်းအားအကောင်းဆုံး စံချိန် တင်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ သီချင်းတွေ တစ်ပြည်လုံးအနှံ့အရမ်း ပေါက်နေချိန် ၁၉၉၄ ခုနှစ်တွင် သူနှင့် ဆုံဖြစ်ဖို့ နီးစပ်ခါနီးမှ လွဲသွားခဲ့ရပါတယ်။ နှစ်စဉ်နိုဝင်ဘာလ ၉ရက်နေ့ ရောက်တိုင်း ကရင်ပြည်နယ် ဘားအံမြို့မှာ ”ပြည်နယ်နေ့” အထိမ်းအမှတ်ပွဲများပြုလုပ်လေ့ ရှိပါတယ်။

၁၉၉၄ ခုနှစ် ပြည်နယ်နေ့ညပိုင်း Stage Show တွင် ဗဒင် သီဆိုဖို့ရှိရာဘားအံ ရောက်နေတဲ့ ကျွန်တော်နှင့်ဆုံခါနီးကျမှ သူစီးနင်းလိုက်ပါလာတဲ့မော်တော်ယာဉ် မတော်တဆ ယာဉ်တိုက်မှုဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရသွားတာကြောင့် ဘားအံဆေးရုံ ရောက်သွားလို့ မဆုံလိုက်ရပါ။

အောင်မြင်နေတဲ့ အဆိုတော် ဖြစ်နေချိန် ၁၉၉၅ ခုနှစ်တွင် ဗဒင်ဟာ သူငယ်စဉ်က နေခဲ့တဲ့ ရန်ကင်းတိုက် ၂၇၇ မိသားစုများထံ လာလည်ပါတယ်။ သူနှင့်အတူ ဆော့ခဲ့ကြတဲ့သူ တော်တော်များများဟာ တိုက်မှာ မရှိကြတော့ဘဲ အလုပ်အကိုင်ရှိရာ နေရာဒေသ အသီးသီးကို ရောက်နေကြတာမို့ ​ မဆုံဖြစ်လိုက်ကြပါ။

ကျွန်တော်အမေ(အန်တီမာ)အပါအဝင်လူကြီးတချို့နှင့်ပဲဆုံတွေ့ခဲ့ရပြီးလက်ဆောင်ပစ္စည်းတွေပေးသွားခဲ့ပါတယ်။ရန်ကင်းတိုက်-၂၇၇မှာဗဒင်ရောက်နေချိန်မှာတိုက်ပတ်ဝန်းကျင်မှလူငယ်မျိုးဆက်သစ်များဝိုင်းလာပြီးနှုတ်ဆက်ကြကြောင်းကျွန်တော်မိခင်ပြန်ပြောလို့သိခဲ့ရပါတယ်။

ကြီးတော့မှ မဆုံဖြစ်ကြတော့ဘဲ ငယ်စဉ် ကလေးဘဝက ရန်ကင်းသားလေး ဖြစ်နေတုန်း အတူကဲခဲ့ကြတဲ့အဆိုတော်ဗဒင်ဟာ ၂၀၀၁ခုနှစ်ဒီဇင်ဘာလ ၂၂ရက် အသက်(၃၇)နှစ်အရွယ်တွင် ခရစ်တော်၌ အိပ်ပျော်သွားခဲ့ပါတယ်။

ခရစ်ယာန်ဘာသာဝင် ဗဒင်တစ်ယောက် ထာဝရဘုရားသခင်ရဲ့ရင်ခွင်၌ ငြိမ်းချမ်းစွာ အိပ်စက်ပါတော့လို့ ဆုတောင်းရင်း ကွယ်လွန်ခြင်း နှစ်(၂၀)ပြည့် အမှတ်တရရေးသားလိုက်ရပါတယ်။

Add a Comment

Your email address will not be published.