မြန်မာစစ်ပြေးဒုက္ခသည်တွေကို စောင့်ရှောက်ပေးမယ်လို့ ထိုင်းဝန်ကြီးချုပ် ကတိပြု
|ထိုင်းနိုင်ငံ မဲဆောက်ခရိုင်ထဲ ထွက်ပြေးလာကြတဲ့ မြန်မာဒုက္ခသည်တိုင်းကို စောင့်ရှောက်မယ်လို့
ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha က ကတိပြုလိုက်ပါတယ်။
ဆေးဝါးနဲ့ စားရပ်ရိက္ခာ ခွဲတမ်းပေးဖို့ အာဏာပိုင်တွေကို ညွှန်ကြားထားကြောင်း ဗိုလ်ချုပ်ကြီး Prayut
က သောကြာနေ့က ပြောတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာကြီးက ဆိုပါတယ်။
မြန်မာစစ်တပ်နဲ့ ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ရပ်သူရွာသားတွေဟာ
အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတာပါ။ ထိုင်းနိုင်ငံအတွင်းမှာ ဒီ့အရင်က ဒုက္ခသည် ၉၀,၀၀၀ ကျော်ရှိနေပြီး ဖြစ်ပါတယ်။
အခြေအနေ တိုးတက်လာတာနဲ့ မြန်မာနိုင်ငံကို အားလုံး ပြန်ဖို့လိုတာကြောင့် ဒုက္ခသည်စခန်း အသစ်တွေကို
ထိုင်းနိုင်ငံက ဖွင့်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ဗိုလ်ချုပ်ကြီး Prayut က ဆိုပါတယ်။ ပဋိပက္ခက ထိုင်းနယ်ထဲ
ကျွံမလာစေဖို့ တပ်တွေကို သူ ညွှန်ကြားထားကြောင်း သူက ပြောပါတယ်။
ဒုက္ခသည်တွေကို နေစရာစီစဉ်ပေးပြီး ဒေသခံ တက်ကြွလှုပ်ရှားသူတွေ၊ လူသားချင်း စာနာထောက်ထားမှု
ကူညီရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်းအစိုးရကို နယ်စည်းမခြား
မိတ်ဆွေများအဖွဲ့က ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်တပ်ဟာ ကိုယ့်လူထုကို ကိုယ် လူသားတရပ်လုံးအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုကို ကျူးလွန်နေတာကြောင့်
မြန်မာစစ်တပ်ကို ထောက်ခံနေတာတွေ ရပ်ဖို့လည်း ထိုင်းအစိုးရကို တောင်းဆိုလိုက်ပါတယ်။