“မိုင်းရှင်းလင်းရန် လာစဉ် မိုင်းထကွဲလို့ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ၀င် ဗိုလ်ကြီး မိုးဇော်လတ် ​ေ..သ…ဆုံး…”

ဒီဇင်ဘာလ- ၂၉ ရက်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် စစ်ကောင်စီခန့် မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ၀င် ဗိုလ်ကြီး မိုးဇော်လတ်သည် ယနေ့ မွန်းလွဲပိုင်းတွင် မိုင်းထိကာ သေဆုံးကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – ၀က်လက် PDF ကပြောသည်။

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီခန့် မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ၀င် ဗိုလ်ကြီး မိုးဇော်လတ် မိုင်းထိသေကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေး ၀န်ကြီးဌာန နေ့စဉ်စစ်ရေးသတင်း အကျဉ်းတွင်လည်း ဖော်ပြသည်။

ယနေ့ ဒီဇင်ဘာ(၂၉)ရက် မွန်းလွဲ(၁၂)နာရီခွဲအချိန် ၀က်လက်မြို့နယ် စိုင်နိုင်ကြီးရွာအနီး မန္တလေး – ရွှေဘို ကားလမ်းပေါ်တွင် မိုင်းပေါက်ကွဲမှုဖြစ်ကာ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီခန့် မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီ၀င် ဗိုလ်ကြီး မိုးဇော်လတ် အပါအ၀င် စုစုပေါင်း စကစ လေးဦး သေသည်ဟု ၀က်လက် PDF က ဆိုသည်။

“ဟုတ်တယ်။ သူတို့အဖွဲ့က မိုင်းလာရှင်းတာ။ အဲဒီမှာ မိုင်းထကွဲတာပေါ့။ ဗိုလ်သံမဏိအဖွဲ့က လုပ်တာလို့ သိရတယ်။ ဇော်မိုးလတ်ကတော့ မနက်က ထိတယ်။
၂နာရီမှာ ဆုံးတယ်။ မိုင်းရှင်းလင်းရေး အဖွဲ့လို့ သက်သက် မရှိဘူး။ သူတို့ပဲ ရှင်းကြတာ။ တပ်သား သုံးဦးလည်း သေတယ်” ဟု ဝက်လက် PDF ကပြောသည်။

ဒီဇင်ဘာ(၂၉)ရက်နေ့ မနက်ပိုင်းတွင် ၀က်လက်မြို့နယ်၊ စိုင်နိုင်ကွေ့အနီး မိုင်းရှင်းလင်းရန် လာသော စစ်ကောင်စီများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထို တိုက်ခိုက်မှုတွင် ဗိုလ်ကြီး မိုးဇော်လက် နှင့် တပ်သား သုံး ဦး ကျဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိနိုင်ကြောင်း ဗိုလ်သံမဏိအဖွဲ့ကလည်း ထုတ်ပြန်သည်။

NUG ကာကွယ်ရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဒီဇင်ဘာ(၂၈)ရက် ည(၉)နာရီအချိန်က ဝက်လက်မြို့နယ် စိုင်နိုင်ကြီးရွာနှင့် စိုင်နိုင်လေး ရွာကြား စကစထောက်ပို့ယာဉ် (၁၂)ဘီးကားကို ဒေကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ ကားသည် လမ်းဘေးသို့ ထိုးရပ်သွားခဲ့ကြောင်း၊ ၄င်းနောက် အဆိုပါနေရာသို့ ယနေ့ ဒီဇင်ဘာ(၂၉)ရက် မိုင်းရှင်းရန်လာသည့် စကစတပ်နှင့် ပျူစောထီး အင်အား (၅၀)ခန့် ရောက်ရှိလာချိန်တွင် လက်ကျန်မိုင်း ပေါက်ကွဲကာ ဗိုလ်ကြီး မိုးဇော်လတ် မိုင်းထိမှန် သေသည်ဟု ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာက တွေ့ရသော ၀က်လက်မြို့နယ် စကစ ကောင်စီ၀င်များ/ Photo -ပြန်/ဆက်

Add a Comment

Your email address will not be published.