(၁၀) နှစ်လုံးလုံး မွေးနေ့အမှန်ကို မပြောခဲ့တဲ့ ခင်ပွန်းဖြစ်သူအပေါ် နားလည်ခွင့်လွှတ်ကြောင်းပြောလာတဲ့ ငွေတီဦး

သရုပ်ဆောင် ပြေတီဦးရဲ့ညီမဖြစ်သူ ငွေတီဦးကတော့ (၁၀)နှစ်ကြာပေါင်းသင်းခဲ့တဲ့ ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားခဲ့တာကြောင့် နေ့စဉ်နေ့တိုင်း ခံစားဝမ်းနည်းနေရတာပဲဖြစ်ပါတယ်။ မနေ့က ဒီဇင်ဘာလ (၃၁) ရက်နေ့ကတော့ ငွေတီဦးရဲ့ခင်ပွန်း ဒေါက်တာဉာဏ်လင်းဦးရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ ငွေတီဦးက ဒီဇင်ဘာလ (၃၁) ရက်နေ့မှာကျရောက်တဲ့ မွေးနေ့ရှင်အတွက် အခုလိုပဲ သတိရတမ်းတကြောင်းရေးသားလာတာကို တွေ့ရပါတယ်။

“December 31.. Happy Birthday ကိုကွီးရေ။ ဒီနေ့က ကိုကို့ မွေးနေ့မဟုတ်တဲ့ ကိုကို့မွေးနေ့ပေါ့။ နှစ်တိုင်း ဒီနေ့ဆို New Year နဲ့ အတူတွဲပြီး Birthday ပါတီလုပ်ကြ ပျော်ကြနဲ့ နှစ်များစွာပေါ့။ ရည်းစားဘဝတုန်းက မေမေက အင်္ဂါသားနဲ့ သဘောမတူဘူးလို့ အမှတ်တမဲ့ ပြောခဲ့ဘူးတယ်။ ဗုဒ္ဓဟူးသားက ကိုယ့်အတွက်ကောင်းတယ်လို့လဲ ပြောမိဘူးတယ်။ ကို့မွေးနေ့က ဘာနေ့လဲလို့ မေးတော့ Dec 31 တဲ့။ ယုံအောင် ဇာတ်လမ်းကို အတိအကျဆင်ပြီး လိမ်ခဲ့တယ်။ “ကို့ကိုမွေးတာ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးရက် ည ၁၁နာရီ ၄၅မိနစ်လေ.. အဲဒီ့နှစ်ရဲ့ အမှောင်ဆုံးည..အမှောင်ဆုံးအချိန်၊ ကို့အမတုန်းက ဗေဒင်က သေချာတွက်ပြီး မွေးခိုင်းတဲ့ရက်ထက်စောမွေးခဲ့လို့ အမက လူကောင်းအတိုင်း မဖြစ်ခဲ့ဘူး။ ကို့အလှည့်ကျတော့လဲ အဲလိုဘဲ မွေးရမယ့်ရက်မှာ မမွေးတော့ ကို့မေမေက ကို့အမလိုဖြစ်မှာစိုးလို့ ဗေဒင်အရ ယတြာချေပြီး မွေးနေ့ကို ပြောင်းခဲ့တာ။ မှတ်ပုံတင်ထဲက Oct 14 က မွေးနေ့ အစစ်မဟုတ်ဘူး။ ဒါပေမယ့် အဲဒီ့ကိစ္စ ကို့အိမ်ကို လုံးဝသွားမမေးနဲ့နော်။ အိမ်က လုံးဝမကြိုက်ဘူး” ကိုယ့်မှာ ဇဝေဇဝါနဲ့ သူပြောတာယုံပြီး Dec 31 တိုင်း သူ့မွေးနေ့ကို ကျင်းပပေးခဲ့တယ်။ သူကလဲ ခပ်တည်တည်ဘဲ သူ့ကိုသူ ဗုဒ္ဓဟူး(ရာဟု)သားဆိုပီး မွေးနေ့အစစ်မှာ ဘယ်လိုမှမနေဘဲ Dec 31 တိုင်း သူ့မွေးနေ့လို့ ခံယူပြီး ၁၀ နှစ်လုံးလုံးဖြတ်သန်းခဲ့တယ်။ မွေးနေ့မှမဟုတ်ပါဘူး။ ဖြစ်တည်မှု တော်တော်များများကို ကိုယ့်အတွက်ပဲစဉ်းစားပြီး ကိုယ်ကြိုက်ရင်ပြီးရောဆိုပြီး နေပေးခဲ့တယ်။”

“ICU ထဲရောက်တော့ ဘုန်းဘုန်းတွေကို ဆေးဝါးတွေလှူဒါန်းပေးတော့ ဆရာတော်က ဖုန်းထဲကနေ Speaker ဖွင့်ပီးလှမ်းပြီး မေတ္တာပို့ ဆုတောင်းပေးတယ်။ ဒကာကြီး ဘာနေ့သားလဲ ဆိုတော့ အင်္ဂါသားပါဘုရားတဲ့။ ကိုယ်က သူ့ကို ICU ထဲမှာ မနက်နိုးလာတိုင်း ငါးပါးသီလခံယူဖို့ ညအိပ်ယာဝင်ရင် သီလကိုပြန်ဆင်ခြင်ပြီး ဆုတောင်းဖို့ ပြောတော့ သူကလဲ လိုက်နာပြီး လုပ်ရှာပါတယ်။ နောက်နေ့ကျတော့ ကိုကို ဒီနေ့ သီလယူဖြစ်လားဟင်လို့မေးတော့ ယူဖြစ်တယ်တဲ့။ ဒါဆို ကို လိမ်ပြောလို့ မရဘူးပေါ့ဆိုတော့ အင်း တဲ့။ အဲဒါဆို ကို့မွေးနေ့က ဘယ်နေ့က အမှန်လဲဆိုမှ Oct 14 တဲ့။ ၁၀ နှစ်လုံးလုံး လိမ်နိုင်သူကြီးကို စိတ်တောင်မဆိုးရက်ခဲ့ပါဘူး။ စိတ်မကောင်းပဲ ဖြစ်ခဲ့ရတယ်။ ဗုဒ္ဓဟူး(ရာဟု) သား Drဉာဏ်လင်းဦးအတွက်ဆိုပြီး ဆုတွေတောင်း ယတြာတွေချေပေးကြတဲ့ သူတွေကလဲ စိတ်မကောင်းဘူးပေါ့.. “ချစ်ရယ် အရင်က သီလငါးပါးလုံး မလုံခဲ့ရင်တောင် တစ်ပါးတော့ သေချာလုံခဲ့ပါတယ်တဲ့။ ချစ်ကိုယူပြီးကတည်းက ကိုဘယ်သူ့ကိုမှ စိတ်နဲ့တောင်မဖောက်ပြန်ခဲ့ပါဘူးတဲ့။ ကို သစ္စာဆိုရဲပါတယ်တဲ့..””

“သစ္စာမဆိုလည်း ယုံပါတယ်ကိုရယ်။ ကိုယ့်ယောက်ျားအကြောင်း ကိုယ်သိတာပေါ့။ ကိုကိုဟာ အားလုံးအပေါ်တာဝန်ကျေခဲ့တယ်။ ဆေးရုံပေါ်မှာ ဖုန်းစသုံးနိုင်တော့ ပျင်းတဲ့အချိန်သုံးလို့ရအောင် ဖုန်းလေးလက်ထဲထည့်ပေးကတည်းက အားတဲ့အချိန် ရရင်ရသလို Donate ဖို့ Click တာ မပျက်ကွက်ခဲ့ဘူး။ အရမ်းတာဝန်ကျေပါတယ်။ ဒီဘဝမှာ ကောင်းမှုကုသိုလ်တွေတူတူပြုကြ ရေစက်တွေ အကြိမ်ကြိမ် အတူတူချခဲ့ကြတော့ သံသရာခရီးမှာ ပြန်ဆုံကြဦးမယ်ဆိုတာ ယုံပါတယ်။ နောက်ဘဝတွေကြရင်လည်း ဒီဘဝမှာလိုပဲ တစ်ဦးအပေါ်တစ်ဦး ကျေးဇူးပြုနိုင်သော ကောင်းသောဆုံတွေ့ခြင်းမျိုး၊ရေစက်ကောင်းမျိုးနဲ့ ပြန်ဆုံကြရပြီး တစ်ဦးကိုတစ်ဦး ပါရမီဖြည့်ခွင့်ရပါစေလို့ ဆုတောင်းပါတယ်။”

“ချစ်ကို ယူခဲ့မိတာ ကို့ဘဝအတွက် အမှန်ဆုံး ဆုံးဖြတ်ချက် လို့ ကိုပြောခဲ့တဲ့အချိန်က ကို့ကိုယူခဲ့မိလို့လဲ သေးသေးလေးတောင် နောင်တမရခဲ့ဘူးဆိုတာ ကို့ကို ပြန်မပြောလိုက်ရလို့ အဲဒါလေးလဲသိစေချင်မိတယ်။ ကိုယ့်အပေါ်ဒီလောက်ကောင်းတဲ့ ယောက်ျားကို အင်္ဂါသားဆိုလည်း ယူမှာပါလို့ ပြန်မပြောဖြစ်ခဲ့တာလေးလည်း စိတ်မကောင်းဘူး။ ရောက်တဲ့အရပ်ကနေ ခံစားသိရှိနိုင်ပါစေ။ ကိုချစ်တဲ့ ကို့ရဲ့အကိုကြီးအတွက်လည်း စိတ်မကောင်းမဖြစ်ဘဲ ဂုဏ်ယူနိုင်ပါစေ…” ဆိုပြီး ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။

Source: Ngwe Ou’s fb

Be the first to comment

Leave a Reply

Your email address will not be published.


*