ကိုယ်မွေးထားတဲ့သမီးကိုတောင် ဂရုမစိုက်နိုင်တဲ့အထိ အလုပ်တွေလုပ်ပေးခဲ့ပေမယ့် ကျေးဇူးတင်မခံရကြောင်းပြောလာတဲ့ ဒေါက်တာမြဝတ်ရည်

စကားပြောပြတ်သားသလို ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကိုသာလုပ်ကိုင်တတ်တဲ့ ဒေါက်တာမြဝတ်ရည်ကိုတော့ ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်မှာပါ။ တရားမှုကိုမြတ်နိုးသလို မှန်တယ်ထင်ရာကို ရဲရဲဝံ့ဝံ့လုပ်ကိုင်တတ်တဲ့ ဒေါက်တာမြဝတ်ရည်ဟာ လက်ရှိစစ်အာဏာသိမ်းတဲ့ဖြစ်စဉ်မှာလည်း ဓမ္မဘက်ကနေ ရပ်တည်နေသူတစ်ယောက်ပါ။ CDM ဝန်ထမ်းတွေကို ထောက်ပံ့ကူညီနိုင်ဖို့ အလှူငွေတွေကို လက်ခံလှူဒါန်းပေးနေတဲ့ ဒေါက်တာမြဝတ်ရည်ဟာ အလုပ်တွေများလွန်းလို့ လသားအရွယ်သမီးလေးကိုတောင် ဂရုမစိုက်ဖြစ်တဲ့အကြောင်း အခုလိုပဲပြောလာခဲ့ပါတယ်။

“၈ ရက်လုံး အမေက စာရင်းတွေ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေလေတော့ သမီးခမျာ သူ့ဘာသာသူ နို့စို့ရတယ်။ အမေချီမသိပ်အားတော့ အိပ်ရာထဲ ချထားရင် သူ့ဘာသာသူ အိပ်ပျော်သွားရှာတယ်။ အလုပ်ရှုပ်နေတဲ့ အမေဘေးကနေ သူအိပ်ချင်ပြီဆိုရင် အမေဒူးလေးကို သူ့လက် သေးသေးလေးနဲ့ ကုတ်ပြီး ချိုလိမ် တောင်းရှာတယ်။ ကိုယ့်ကလေးကိုတောင် အချိန် သိပ်မပေးဖြစ်ဘဲ CDM အတွက် လုပ်ပေးဖြစ်တာ တစ်ချို့တွေက ရန်တွေ့တယ်။ စိတ်ဆိုးကြတယ်။ စကားနာထိုးကြတယ်။ အလိမ်ခံရတယ်။”

“ကိုယ်တိုင် အလှူငွေထည့် အလှူရှင်တွေကို ဆော်ဩ မနိုင်ဝန်ထမ်း လူ ၃ ယောက်တည်းနဲ့ (လူ ၅၀၀ လောက်ထဲက) လူ ၁၉၃ ယောက်ကို ရွေးထုတ် စာရင်းပြုစု တစ်ဦးချင်းငွေလွှဲ လွှဲပြီးကြောင်း အကြောင်းပြန် အသေးစိတ်ကအစ အကုန်စစ်ဆေးရတာ မလွယ်နေပါဘူးနော်။ အလှူငွေလွှဲသူစာရင်းကိုလည်း ဒီ CB ထဲကပဲ ဖြဲယဲရှာရတာ ပြီးရင် ငွေထုတ်ပေးမယ့် မိတ်ဆွေအစ်မဆီပို့ သူက ထုတ်ပေး ရမရ ပြန်ပြော ပြန်စစ်၊ CDM တွေကို လွှဲရင်လည်း တစ်ဦးချင်း ဖုန်းတွေကို တစ်ကြောင်းချင်းစီပို့ရတာ ငွေလွှဲဖို့ ဖုန်းမှားလွှဲလို့လည်း မဖြစ်နေတော့ သေချာ ပြူးပြဲ လုပ်ရပါတယ်။ လူ၅၀၀ ကျော်ရဲ့စာတွေအားလုံးထဲက ရွေးရတာပါ။ မျက်ရိုးတွေကိုက် ခေါင်းပါကိုက်ပါတယ်။ မရတဲ့သူတွေက မရရကောင်းလား ဖြစ်နေကြတော့လေ ပင်ပန်းရကျိုးက မနပ်နေပါဘူး ကျေးဇူးတွေ တင်လိုက်တာရှင် 🤧” ဆိုပြီး ပြောလာခဲ့ပါတယ်။

ဒေါက်တာမြဝတ်ရည်ကတော့ ကိုယ်မွေးထားတဲ့သမီးငယ်လေးကိုတောင် အချိန်မပေးနိုင်တဲ့အထိ အလုပ်တွေလုပ်ပေးနေပေမယ့် အချို့သောလူတွေကြောင့် အလုပ်လုပ်ပေးရတာ ပင်ပန်းရကျိုးမနပ်ဘူးဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။

Source: Dr. မြဝတ်ရည်’s fb

Be the first to comment

Leave a Reply

Your email address will not be published.


*