ဖိနှိပ်မှုတွေများ ခွေးစာထက်ညံ့တဲ့ အစားစာတွေစားရလို့ ပြည်သူ့ရင်ခွင်ခြားခိုလှုံတဲ့ အကြောင်းပြောပြလာတဲ့ တပ်သား

ဖိနှိပ်မှုတွေများ ခွေးစာထက်ညံ့တဲ့ အစားစာတွေစားရလို့ ပြည်သူ့ရင်ခွင်ခြားခိုလှုံတဲ့ အကြောင်းပြောပြလာတဲ့ တပ်သား

အထက်အောက် ဖိနှပ်ပြီး ခွေးစာထက် ညံ့သော အစာအစားများ ကျွေးနေသည့် စစ်ကောင်စီတပ်ကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြရန် နေပြည်တော်၊ ခမရ ၄၁၁ မှ တပ်သားအေးမိုးအောင်တိုက်တွန်း

ရန်ကုန်၊ ဇန်နဝါရီ ၁

နေပြည်တော် ခမရ ၄၁၁ မှ ကိုယ်ပိုင် အမှတ် တ-၅၃၇၇၄၈ တပ်သား အေးမိုးအောင်သည် ယခုအခါ ပြည်သူ့ရင်ခွင်တွင်ခိုလှုံပြီး CDM တပ်သားအဖြစ် လက် နက်အပြည့်အစုံဖြင့် ဗိဿနိုး PDF ထံတွင် ပူးပေါင်းလိုက်ပြီဖြစ်သည်။ ခွေးစာထက်ညံ့သော အစာအစားများ ကျွေးမွေးနေသည့် စစ်တပ်ကို စွန့်ခွာကြရန်နှင့် ပြည်သူ့ရင်ခွင် ခိုလှုံကြရန် ၎င်းက တပ်တွင်းမှ ရဲဘော်ရဘက်များကိုတိုက်တွန်းလိုက်သည်။

မေး။ ။ အမည်ဘယ်လိုခေါ်လဲ။

ဖြေ။ ။ အေးမိုးအောင်။

မေး။ ။ ကိုယ်ပိုင်အမှတ် ဘယ်လောက်လဲ။

ဖြေ။ ။ တ ၅၃၇၇၄၈။

မေး။ ။ ဘယ်တပ်ရင်းကနေ CDM လုပ်လာတာလဲ။

ဖြေ။ ။ နေပြည်တော်ခမရ ၄၁၁ ဥပ္ပါတသန္တိ စေတီတော် ခြေရင်းက ဘုရားကြီးဘေးနားပေါ့။

မေး။ ။ ဘာကြောင့် CDM လုပ်တာလဲ။

ဖြေ။ ။ ပြည်သူတွေကို စောင့်ရှောက်ချင်လို့ ကာကွယ်ချင်လို့ကြောင့် ဝင်ခဲ့တာ အခုလုပ်နေတဲ့ ပုံစံတွေက ပြည်သူ့ဆန်စားပြီးတော့ ပြည်သူတွေကို သတ်ဖြတ်တာ မတရား အဓမ္မအနိုင်ကျင့်တာ ကျွန်တော့် မျက်စိရှေ့မှာ လုပ်တာအတွက်ကြောင့် မခံနိုင်လို့မို့ မလုပ်ချင်တော့ဘူး။
ကျွန်တော် ပြည်သူ့ဖက်က ရပ်တည်ချင်လို့ ပြည်သူ့သားကောင်းတစ်ယောက် ဖြစ်ချင်လို့ ကျွန်တော် လက်နက်နဲ့ စစ်မြေပြင်မှာ CDM လုပ်တာပေါ့။
မေး။ ။CDM လုပ်တော့ ဘာလက်နက်တွေ ယူဆောင်လာလဲ။

ဖြေ။ ။ MA-1 တစ်လက်ရယ် ကျည်ပေါက်က ၅ပေါက်ရယ်။ ကျည်ကတော့ သူတို့ တပ်မတော်ကအရ ရှေ့တန်းကျည် ၁၂ဝ နောက်တန်းကျည် ၁၂ဝ ပေါင်း ၂၄ဝဆိုပြီးတော့ အဲတာမျိုးပေးထားတာ ကျွန်တော်ယူလာပါတယ်။

မေး။ ။ အဲလို CDM လုပ်ပြီးပြေးလာတော့ ဘယ်လို အခက်အခဲတွေနဲ့ ကြုံခဲ့ရလဲ။

ဖြေ။ ။ ဒါကို သူတို့က ကျွန်တော့်ကို လိုက်ပြီးတော့ သတ်တယ်ပေါ့။ ကျွန်တော်လည်း မနည်းကို အသက်လုပြီးတော့ ပြေးလာခဲ့ရတယ်။ ကျွန်တော် ပြေးရင်းလွှားရင်းနဲ့ ကျွန်တော့်သေနတ်ကို စိတ်ချရတဲ့ တစ်နေရာမှာ ဖွက်ခဲ့ပါတယ်။ အခုကျွန်တော် ဗိဿနိုး PDFထဲ ရောက်ပြီဖြစ်တဲ့အတွက်ကြောင့် အဲသေနတ်ကို ပြန်ပြီးတော့ ယူထားပါတယ်။
မေး။ ။ တပ်တွင်းအခြေအနေတွေ ဘယ်လိုရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ လစာ ၁သိန်းခွဲရတယ်ပေါ့။ တစ်သိန်းခွဲရတာကို ဦးပိုင်တို့ ဘဏ်စုငွေတို့ အသက် အာမခံကြေးတို့ အဲတာတွေ ဖြတ်တယ်ပေါ့။ အဲတာတွေဖြတ်တော့ ကျွန်တော်တို့ ဘာမှမကျန်ဘူးပေါ့။ အကြွေးတောင်မှ တစ်ခါကျရင် တင်တယ်ပေါ့။

သူတို့ခိုင်းတဲ့ဟာကလည်း ရက်စက်ပါတယ်။ တစ်ခါတစ်လေ ထမင်းတောင်မှ နပ်မမှန်ဘူး။ အထက်အောက်ကို ရိုသေလေးစားမှုမရှိဘူး။ ငါအကြီးဆုံးပေါ့။ ငါ့ဟာငါ ဘယ်လိုပဲဖြစ်ဖြစ် အဲလိုစိတ်ဓာတ်ပဲ အောက်ကို ပြန်မငဲ့ဘူး။ အရမ်းကို ဖိနှိပ်ကျတယ်ပေါ့။

စီနီယာကလည်း ဂျူနီယာကို တအားဖိနှိပ်တယ်။ တပ်ထဲမှာနေရတာ တအား ယုတ်မာကျတယ်။ ရက်စက်ကျတယ်။ လူကြီးတွေကပေါ့။ သူတို့ရာထူး အရှိန်နဲ့ ဖိနှပ်တယ်ပေါ့။ အဲတာတွေ ကျွန်တော်မခံစားနိုင်တော့လို့။

မေး။ ။ လက်ရှိ CDM လုပ်ရတာ အဆင်ပြေလား။ ဘာခက်အခဲတွေရှိလဲ။

ဖြေ။ ။ ကျွန်တော် အခုလက်ရှိ ဗိဿနိုး PDF ပြည်သူ့ရင်ခွင်မှာ ခိုလုံနေပါတယ်။ ပြည်သူ့ ရင်ခွင်မှာ ခိုလုံရတာ အရမ်းနွေးထွေးပါတယ်။ စားတာသောက်တာလည်း အားလုံးအဆင်ပြေပါတယ်။ ကောင်းပါတယ်။ တပ်ထဲမှာကျွေးတာနဲ့တော့ တခြားစီပေါ့ဗျာ။

တပ်ထဲမှာ ကျွေးတာက ခွေးစာကမှ နည်းနည်းကောင်းရင် ကောင်းပါလိမ့်မယ်။ ဟိုဖက်မှာနေခဲ့ရတာ အရမ်းကို ပူလောင်ပါတယ်။ ဒီမှာနေတာ အရမ်းနွေးထွေးပါတယ်။ ပြည်သူ့ရင်ခွင်မှာ ဒါကြောင့် ကျွန်တော် ဖိတ်ခေါ်ပါတယ်။ လာခဲ့ပါဒီကို ကျွန်တော် သူငယ်ချင်းတွေကို မှာချင်ပါတယ်။
မေး။ ။ စစ်တပ်ထဲမှာ ကျန်ခဲ့တဲ့ သူတွေကို ဘာပြောချင်လဲ။

ဖြေ။ ။ အာဏာရှင် စစ်ခွေးတွေကို တိုက်ထုတ်ဖို့အတွက် ကျွန်တော်နဲ့ CDM လုပ်ဖို့ တိုင်ပင်ထားတဲ့ ကျွန်တော့်သူငယ်ချင်းတွေ အားလုံး ဖိတ်ခေါ်ပါတယ်။ ကျွန်တော့်ကို အခုလိုမျိုး ပြည်သူ့ရင်ခွင်ကို ပို့ပေးတဲ့အတွက် တပ်ထဲက ကျွန်တော့် သူငယ်ချင်းတွေလည်း အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့် သူငယ်ချင်းတွေကိုလည်း ကျွန်တော် ဒီကိုလာဖို့အတွက် ကျွန်တော် တိုက်တွန်းပါတယ်။ တပ်ထဲမှာ ကျန်ခဲ့တဲ့ သူငယ်ချင်းတို့ အားလုံးပေါ့။

ကျွန်တော့်လိုမျိုး ကိုယ့်သေနတ်ကို ယူပြီးတော့ လာခဲ့ပါ။ ကျွန်တော်တပ်မှာနေတုန်းက ဒုတပ်ရင်းမှူးပေါ့။ သူ့ကိုလည်း ကျွန်တော် တစ်ချက်ပြောချင်ပါတယ်။ ကျွန်တော်တို့ ဒီက အောင်မြင်ပြီဆိုတာနဲ့ ရရာလက်နက်နဲ့ စွဲကိုင်တိုက်ဖို့အတွက် ကျွန်တော်တို့မှာလည်း အစီအစဉ်ရှိပါတယ်။

တပ်ရင်းမှာလည်းလည်းကောင်း၊ ရှေ့တန်းမှာလည်းကောင်း၊ နောက်တန်းမှာလည်း လည်းကောင်း ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ အကုန်သိတဲ့ အတွက်ကြောင့် ငါကိုယ်တိုင် ဦးဆောင်ပြီးတော့ ပြန်လာတိုက်မှာ သတိကောင်းကောင်းထား မင်းတို့ကောင်တွေ စစ်အာဏာရူးတွေကို ပြည်သူတွေနဲ့ အတူ ကျွန်တော်တို့ အဆုံးသတ်တဲ့အထိ တိုက်ပွဲဝင်သွားမှာပါ။ အရေးတော်ပုံ အောင်ရမည်။ အရေးတော်ပုံ အောင်ရမည်။ အရေးတော်ပုံ အောင်ကိုအောင်ရမည်။

khit thit media

Be the first to comment

Leave a Reply

Your email address will not be published.


*