အာဆီယံခေါင်းဆောင်တွေကို မအလရဲ့ ကြံရာပါ အဖြစ်ခံမှာလားလို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း မေးခွန်းထုတ်

အာဆီယံခေါင်းဆောင်တွေ မင်းအောင်လှိုင်ရဲ့ကြံရာပါ အဖြစ်ခံမှာလားဟု ထိုင်းနိုင်ငံခြားရေး၀န်ကြီးဟောင်း မေးခွန်းထုတ် မြန်မာဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့အတွက် အာဆီယံအသိုင်းအဝိုင်းထဲ ပါဝင်လှုပ်ရှား ဆောင်ရွက်ခွင့်တွေ

အားလုံးနဲ့ တန်းတူရရှိရမယ်လို့ ၀န်ကြီးချုပ်ဟွန်ဆန်က ဆိုပါတယ်။ အဲဒီလိုပါဝင်ဆောင်ရွက်ခွင့်ဆိုတာကို အာဏာသိမ်းစစ်တပ်ကိုပဲ ပုံပေးပြီး၊ ကျန်အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားကို ထည့်မတွက်ဘူးဆိုရင်

ဟွန်ဆန်ရဲ့စဥ်းစားတွေးခေါ်ပုံဟာ ယုတ္တိမတန်ဘူး၊ ကျိုးကြောင်းဆီလျော်မှု မရှိဘူးလို့ ကျွန်တော် ပြောချင်ပါတယ်။ တကယ်တော့ … ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး မြန်မာပြည်ကို သွားသင့်တယ်

မသွားသင့်ဘူး အစရှိသဖြင့် ဝေဖန် ထောက်ပြဖို့ အဓိကတာဝန်ရှိသူတွေဟာ လက်ရှိတာဝန်ယူထားကြသူတွေ (အာဆီယံခေါင်းဆောင်တွေ) ဖြစ်တယ်။ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့အပြုအမူကို သူတို့အားလုံး တစ်စုတစ်စည်းတည်းနဲ့ တုန့်ပြန်ကြဖို့

ကျွန်တော်တိုက်တွန်းပါတယ်။ သူတို့ဟာ အသံတိတ်နေကြတယ်။ ဝန်ကြီးချုပ် ဟွန်ဆန် တစ်ကိုယ်တော် လုပ်ချင်တာလုပ် ဆိုပြီး လွှတ်ပေးထားတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အာဆီယံ အဖွဲ့ဟာ ဘာမှ ယုံကြည် ကိုးစားဖွယ်ရာ ကောင်းတဲ့ အဖွဲ့ မဟုတ်ဘူး ဆိုပြီး နာမည် ပျက်ယွင်း သွားပါလိမ့်မယ်။

မြန်မာပြည်သူတွေရဲ့ သဘောထားဆန္ဒကို လေးစားကြောင်း အာဆီယံခေါင်းဆောင်တွေဘက်က ပြဖို့လိုပါတယ်။ မြန်မာအရေး ကိုင်တွယ်ပုံကိုင်တွယ်နည်းကနေ အာဆီယံဟာ ဘယ်လိုအဖွဲ့အစည်းဖြစ်တယ်ဆိုတာ ကမ္ဘာ့ အလယ် မှတ်ကျောက်တင်ခံနိုင်မယ့် အခွင့်အရေး ရှိလာစေပါတယ်။

အာဆီယံဟာ မြန်မာအကျပ်အတည်း အဖြေရှာရာကနေ တပါတည်း ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့ အပေါ် လေးစားလိုက်နာတဲ့ အဖွဲ့ကြီး အဖြစ် ကမ္ဘာရဲ့အသိအမှတ်ပြု လေးစားမှုကို ရရှိနိုင်ပါတယ်။

လမ်း ၂ သွယ် ရှိပါတယ်။ ဟွန်ဆန်ရဲ့ကြံရာပါတွေ၊ စစ်တပ် လွန်ကျူးနေတာတွေရဲ့ ကြံရာပါတွေ အဖြစ်ခံမလား။ ကမ္ဘာက လေးစားရတဲ့ သူတွေ ဖြစ်မလား။ အာဆီယံ ခေါင်းဆောင်တွေ ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားတို့၊ ဖိလစ်ပိုင်တို့ အပါအဝင် ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်နေတဲ့နိုင်ငံတွေအနေနဲ့ မြန်မာ့အရေးရပ်တည်မှုမှာ ပိုပြီးတည်တည်တံ့တံ့နဲ့ အရှေ့နောက်ညီဖို့ လိုမယ်လို့ ထင်ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရတဲ့သူတွေ အစိုးရဖွဲ့ပြီး အုပ်ချုပ်နေတဲ့နိုင်ငံတွေက မြန်မာနိုင်ငံမှာ စစ်အာဏာပြန်ပြီးသိမ်းခံရတာကို အရင်က ဝေဖန်တယ်ဆိုရင်၊ အခုလည်း ဝေဖန်၊ နောက်လည်း ဝေဖန်နေဖို့ လိုပါတယ်။ ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မင်းအောင်လှိုင်တို့ရဲ့ သီးသန့်ကစားပွဲတွေ၊ အကွက်ရွှေ့မှုတွေကို လွှတ်ထားလို့ မဖြစ်ပါဘူး။

တကယ်ပဲ မြန်မာပြည်သူတွေ၊ အရပ်သားတွေအပေါ် စစ်တပ်က ကျူးလွန်နေတာတွေ ရပ်တန့်သွားအောင် ဝန်ကြီးချုပ်ဟွန်ဆန်က ဖြောင့်ဖြနိုင်တယ်၊ စွမ်းဆောင်ပေးနိုင်ခဲ့ပြီ ဆိုရင် ကျွန်တော့်ဘက်က ဝန်ကြီးချုပ်ဟွန်ဆန်ကို ချီးကျူးဂုဏ်ပြုဖို့ အဆင်သင့်ပါပဲ။

ဒါပေမယ့် အဲဒီလို ရပ်တန့်သွားအောင် နေပြည်တော်ကို သွားမှ ဖြစ်မယ်ဆိုတဲ့ လောဂျစ်ကို ကျွန်တော် သဘောမတူပါဘူး။ စစ်တပ်က အကြမ်းဖက်နေတာတွေ ရပ်ပါဆိုပြီး နိုင်ငံတကာက ဟိုးအစကတည်းကတိုင်း တောင်းဆိုနေတာ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*