ICJ တွင် မြန်မာဘက်မှ အမှုလိုက်ပေးခဲ့သည့် ရှေ့နေ ဝီလီယံ ရှာဘားစ် နုတ်ထွက်

ICJ တွင် မြန်မာဘက်မှ အမှုလိုက်ပေးခဲ့သည့် ရှေ့နေ ဝီလီယံ ရှာဘားစ် နုတ်ထွက်

မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုခဲ့မှုကို ဒေါ်အောင်ဆန်းစုကြည်လက်ထက် နယ်သာလန်နိုင်ငံတွင် သွားရောက်ဖြေရှင်းခဲ့စဉ်က မြန်မာနိုင်ငံဘက်မှ ရှေ့နေလိုက်ပေးခဲ့သည့် ရှေ့နေ ဝီလီယံ ရှာဘားစ် နုတ်ထွက်သွားပြီဖြစ်သည်။

နယ်သာလန်နိုင်ငံ The Hague မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်က တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ရှေ့နေ ဝီလီယံ ရှာဘားစ်ဦးဆောင်၍ မြန်မာဘက်မှ ခုခံချေပခဲ့ခြင်းဖြစ်သည်။

၎င်း၏နေရာတွင် အာဏာသိမ်း မြန်မာစစ်တပ်က မည်သူ့ကို အစားထိုးမည်လဲဆိုသည်ကို မသိရသေးပါ။
“ဒီကိစ္စမှာ ကျွန်တော် ဆက်မပါတော့ပါဘူး။ ဒါနဲ့ပတ်သက်ပြီးတော့လည်း နောက်နောင် ဘာမှ မပြောလိုတော့ပါ” ဟု ရှေ့နေ ဝီလီယံ ရှာဘားစ်က သတင်းထောက် Carlos Sardiña ကို ပြောသည်။

အပြည်ပြည်ဆိုင်ရာ တရားရုံးရှိရာ နယ်သာလန်နိုင်ငံ The Hague မြို့သို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်စစ်တပ်မှ ကိုယ်စားလှယ် စေလွှတ်ခဲ့ခြင်းမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်က သွားရောက် အမှုရင်ဆိုင်ခဲ့သည်။

လူမျိုးသုန်း သုတ်သင်မှု မရှိဘူးဟု ဒေါ်အောင်ဆန်းစုကြည်က ယင်းတရားခွင်တွင် ဆိုခဲ့သလို “၂၀၁၈ ခုနှစ်ထဲမှာတော့ စစ်သားတွေကိုအရေးယူအပြစ်ပေးမှုတွေ ပိုများလာခဲ့ပါတယ်။

တရားရုံးတွေရဲ့ အလုပ်လုပ်ပုံတွေကြောင့် ကျမ အားတက်ရသလို ဆက်ပြီးတော့လည်း သူ့အလုပ်သူ လုပ်နေလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၂၀၁၉ ဒီဇင်ဘာ ၁၁ တရားရုံး၊ ရုံးချိန်းတွင် လျှောက်လဲချက်ပေးခဲ့သည်။

ထို့ပြင် ရှေ့နေ ဝီလီယံရှာဘားစ်ကလည်း “မြန်မာတပ်မတော်ရဲ့ စိတ်စေတနာဟာ ရိုဟင်ဂျာတွေကို နိုင်ငံတွင်းကထွက်သွားစေချင်တဲ့ သဘောသာဖြစ်ပါတယ်။ သူတို့တွေအကုန်လုံးကို သုတ်သင်ဖျက်ဆီးပစ်ဖို့ မဟုတ်ပါဘူး” ဟု ယင်းနေ့ တရားရုံးတွင် ထွက်ဆိုခဲ့သည်။

လာမည့် ရုံးချိန်းကို ဖေဖော်ဝါရီ ၂၁ တွင် ကျင်းပမည်ဟု ကနဦး သိထားပြီး ယခင် လာရောက်ချေပခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နေရာတွင် တခြားကိုယ်စားလှယ်များကို မြန်မာဘက်က အစားထိုးထားကြောင်း ဂမ်ဘီယာနိုင်ငံဘက်က ပြောဆိုထားသည်။

Add a Comment

Your email address will not be published.