ဖုန်းခေါ်ဆိုမှုများနှင့်မက်ဆေ့ချ်များကို တပြိုင်နက်စောင့်ကြည့် ကြားဖြတ်နားထောင်နိုင်ရန် Telenor တပ်ဆင်ပြီးပြီဟုဆို
|ဖုန်းခေါ်ဆိုမှုများနှင့်မက်ဆေ့ချ်များကို တပြိုင်နက်စောင့်ကြည့် ကြားဖြတ်နားထောင်နိုင်သော Gateway များကို ဂျာမန်ကုမ္ပဏီထံမှ တယ်လီနော ဝယ်ယူတပ်ဆင်ထား။ EU မှမြန်မာအပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို တယ်လီနောမှ ချိုးဖောက်ရာရောက်
ရန်ကုန်၊ မတ် ၁၂
တယ်လီနောအုပ်စုဟာ တရားဝင်ကြားဖြတ်စောင့်ကြည့်ဂိတ်ဝေး Lawful Interception Gateway (LIG) ကို တပ်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့ပြီး၊ ထိုမှတဆင့် အဆိုပါ LIG ကို မြန်မာအကြမ်းဖက်စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီတစ်ခုထံ လွှဲပြောင်းဖို့ ပြင်ဆင်နေတွေတာ ဥရောပသမဂ္ဂနဲ့နော်ဝေနိုင်ငံတို့ရဲ့ မြန်မာအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်ရာရောက်တဲ့အတွက် ဂျာမန်နှင့် နော်ဝေအစိုးရတို့မှ အရေးတကြီး ကြားဝင်ဆောင်ရွက်ပေးရန် Justice for Myanmar (JFM) ကတောင်းဆိုလိုက်ပါတယ်။
Justice For Myanmar က ရရှိခဲ့တဲ့ လျှို့ဝှက်ပေါက်ကြား အချက်အလက်တွေအရ တယ်လီနောဟာ LIG ကို ဂျာမန်ကုမ္ပဏီ Utimaco ထံက ဝယ်ယူခဲ့ကာ အဆိုပါစနစ်ကို ဥပဒေကြောင်းအရပိုင်ဆိုင်သူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဆိုပါ Utimaco LIG ဝယ်ယူမှုတွင် တရုတ်ကုမ္ပဏီဖြစ်တဲ့ ဟွာဝေးက ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့ပြီး မြန်မာနိုင်ငံသို့ စက်ပစ္စည်းတွေ တင်ပို့ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Unimaco အနေနဲ့ ဟွာဝေးကတဆင့် နည်းပညာအထောက်အပံ့ပေးခဲ့ပြီး တယ်လီနောမြန်မာနဲ့လည်း သွယ်ဝိုက်တဲ့ ဆက်ဆံရေးရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ LIG ကို မြန်မာနိုင်ငံသို့ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ပေးပို့ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ မေလမှာတော့ တယ်လီနောရဲ့ ဆက်သွယ်ရေးစနစ်အတွင်းသို့ ပေါင်းစပ် ထည့်သွင်းခဲ့တာပါ။ Utimaco ရဲ့ အဝေးထိန်းပံ့ပိုးမှုနဲ့ ၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းမှာ LIG ဟာ စောင့်ကြည့်ရေး စင်တာတစ်ခုနဲ့ ချိတ်ဆက်ခဲ့ပါတယ်။
LIG စတင် အသက်ဝင် လုပ်ဆောင်ပါက အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနကတဆင့် တယ်လီနောကွန်ယက်ပေါ်ရှိ များစွာသော ဖုန်းခေါ်ဆိုမှုနဲ့မက်ဆေ့ချ်တွေကို တပြိုင်နက်တည်း စောင့်ကြည့် ထောက်လှမ်းနိုင်တော့မှာပဲ ဖြစ်ပါတယ်။
ဒီလို စောင့်ကြည့်နိုင်မှုဟာ ပုဂ္ဂလိကလုံခြုံမှု အခွင့်အရေးအပေါ် အကြီးအကျယ် ချိုးဖောက်ကာ စစ်ကောင်စီရဲ့ နောက်ထပ်ဖမ်းဆီးမှုတွေ၊ ညှဉ်းပမ်းနှိပ်စက်မှုတွေနဲ့ သတ်ဖြတ်မှုတွေပိုမို ဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တယ်လီနောက ၎င်းတို့အနေဖြင့် အဆိုပါ LIG အား စတင်အသက်သွင်း လုပ်ဆောင်မှု မပြုလုပ်ရသေးကြောင်း ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ အဆိုပါ LIG အား တပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများ လုပ်ဆောင်ခဲ့ခြင်းအားဖြင့် တယ်လီနောသည် အီးယူနှင့်နော်ဝေတို့၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်ခဲ့ပြီးဖြစ်ကြောင်း Justice For Myanmar က အခိုင်အမာ ပြောကြားလိုက်တာပါ။