လျှပ်စစ်ရုံးဗုံးထုခံရလို့ စိတ်ကောက်ကာ တစ်မြို့လုံးကို အမှောင်ချပစ်

ပုသိမ်ကြီး လျှပ်စစ်ရုံး ဗုံးထုခံရလို့ စစ်အုပ်စုက စိတ်ကောက်ပြီး တစ်မြို့လုံးကို မီးဖြတ်၊
အမရပူရမှာတော့ ဗုံးထုခံရပြီး မီးဖြတ်လို့ နောက်တစ်ကြိမ် ဗုံးထုရာမှာ ချက်ချင်းမီးပြန်ရ၊

MFP ၊ မတ် – ၁၂

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် လျှပ်စစ်ရုံး(EPC) မနေ့က ဗုံးထုတိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက လမ်းသွားလမ်းလာတွေကို ရမ်းကားရန်ပြုကာ တစ်မြို့လုံးကို သုံးရက် မီးဖြတ်မယ်လို့ ပြောဆိုခဲ့သလို လက်တွေ့မှာလည်း ပုသိမ်ကြီးမြို့နယ်အတွင်း လျှပ်စစ်မီးတွေ ပြတ်တောက်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

“မီးမလာတာတော့ (၂၄)နာရီကျော်သွားပြီ။ EPC အုန်းခံရလို့ မီးဖြတ်တာလား၊ ဘယ်လိုလဲတော့ အတိအကျ မသိဘူး” လို့ ပုသိမ်ကြီးမြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။

မတ်(၁၁)ရက် မနေ့က မနက်(၁၀)နာရီခွဲကျော်မှာ မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့တွေ ဖြစ်တဲ့ Dragon Warrior အဖွဲ့နှင့် Yadanarbon Phoenix Guerilla Force (YPGF) အဖွဲ့တို့ ပူးပေါင်းပြီး‌ ပုသိမ်ကြီးမြို့နယ် ၊ လျှပ်စစ်(EPC)ရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Dragon Warrior အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီလို ဗုံးထုခံရတာကြောင့် ပုသိမ်ကြီးမြို့နယ် မြို့မခွဲရုံက (20-MVA) ထရန်စဖော်မာ ထိခိုက်မှု ရှိခဲ့သလို (100 -KVA) Station ထရန်စဖော်မာလည်း ထိခိုက်သွားတယ်လို့ သတင်းကြားရကြောင်း ပုသိမ်ကြီးမြို့တချို့က ဆိုပါတယ်။

အဲ့ဒီ ထိခိုက်သွားတဲ့ ထရန်စဖော်မာတွေ ပြန်လည်ပြုပြင်ရာမှာမို့ ပုသိမ်ကြီး မြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့မခွဲရုံကနေ ဓာတ်အားပို့လွှတ်နေတဲ့ နေရာတွေ အနည်းဆုံး သုံးရက် မီးပြတ်မယ်လို့ သတင်းကြားကြောင်း စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဌာန အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ပုသိမ်ကြီးမြို့ခံ တစ်ဦးက ဆိုပါတယ်။

ဒါပေမယ့် စစ်အုပ်စုကတော့ တရားဝင် သတင်းထုတ်ပြန်တာ၊ အများပြည်သူကို အသိပေး အကြောင်းကြားတာ ဘာမှ မရှိသေးပါဘူး။

ပုသိမ်ကြီး လျှပ်စစ်ရုံ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးချိန် လာစစ်ဆေးတဲ့ စစ်အုပ်စုက သေနတ်ပစ်ဖောက်တာတွေ လုပ်ခဲ့ပြီး လမ်းသွားလမ်းလာတွေကို ပစ်သတ်မယ်လို့ ခြိမ်းခြောက်သလို တွေ့သမျှလူ အော်ဟစ်ဆဲဆိုကာ EPC ရုံး ဗုံးထုခံရလို့ တစ်မြိုကလုံးကို သုံးရက်မီးဖြတ်မယ်လို့ ကြုံးဝါးနေတယ်လို့ မြိုကခံတွေက ပြောပါတယ်။

လက်ရှိမှာ မီးဖြတ်ခံရထားရတာကြောင့် သောက်ရေ၊ သုံးရေအတွက်ပါ အခက်အခဲ ဖြစ်နေရပြီလို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကလည်း အမရပူရမြို့နယ်မှာ EPC ရုံး ဗုံးထုခံရပြီးနောက် စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ် ဝန်ထမ်းတွေက တစ်မြို့လုံးကို ဓာတ်အား ဖြတ်တောက်ခဲ့ပေမယ့် နောက်တစ်ကြိမ် ထပ်မံပြီး ဗုံးထုခံရချိန်မှာတော့ ချက်ချင်းဆိုသလိုပဲ ဓာတ်အား ပြန်လွှတ်ပေးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Add a Comment

Your email address will not be published.